The Antisocial Network – Memes To Mayhem ဆိုတဲ့ ဇာတ်ကားကတော့ Documentary လို့ ခေါ်တဲ့မှတ်တမ်းရုပ်ရှင်ကားဖြစ်ပါတယ်။ ဘာအကြောင်း မှတ်တမ်းရုပ်ရှင်လဲဆိုတော့ လူသားတွေရဲ့ သမိုင်းမှာ အကြီးမားဆုံးအောင်မြင်မှုလို့ လက်ခံထားတဲ့ အင်တာနက်အကြောင်းလို့ ပြောရမှာပါ။ Rating တွေကတော့ IMDb – 6.3/10နဲ့ Rotten Tomato မှာ Tomatometer 92 တောင် ရထားတာပါ။
တကယ်ကြည့်လိုက်ပြီးရင်တော့ Rating တွေက နည်းတောင်နေသေးပါ့လားလို့ ခံစားမိစေမယ့် ဇာတ်ကားလို့ပြောလို့ရပါတယ်။ဘာတွေများစိတ်ဝင်စားဖို့ကောင်းနေတာလဲဆိုရင်တော့ Hacker Group ဖြစ်တဲ့ Anonymousလို့ဖြစ်လာမယ့် လူငယ်လေးတွေ အင်တာနက်ပေါ်မှာ စ’လုပ်မိတဲ့ အပျော်ကိစ္စလေးတွေကနေ တကယ့်သမိုင်းဝင်အဖြစ်အပျက်တွေ ကမ္ဘာနဲ့ချီတဲ့ အချိုးအကွေ့တွေပါ ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်ကို ရိုက်ပြထားလို့ပါ။ တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကြီးငယ်တွေအကုန်လုံးကို တကယ်ဖြစ်အောင်လုပ်သွားတဲ့လူတွေက ပြန်ပြောပြထားတာပါ။
ဘယ်ကနေစပြီး ပါသလဲဆို အင်တာနက်ခေတ်ဦးက ဂျပန် အက်နီမေးတွေကနေတဆင့် ဆက်ပြီးဖြစ်လာတဲ့ လူငယ်တွေကြား အရမ်းရေပန်းစားခဲ့တဲ့ ဝက်ဘ်ဆိုဒ်တွေကနေ အခုနောက်ဆုံး ၂၀၂၀ခုနှစ် အမေရိကန်ရွေးကောက်ပွဲအထိ အင်တာနက်ယဉ်ကျေးမှုရဲ့အရွေ့နဲ့ အရေးပါပုံတွေ အကြောင်းကို ပုံဖော်ရိုက်ပြထားတာပါ။ဘာအကြောင်းတွေ သိသွားရမလဲဆို အခုမြင်နေရတဲ့ Memes တွေအကြောင်း၊ Social Network တွေအကြောင်း၊ နာမည်ကြီး Hacker Group ဖြစ်တဲ့ Anonymous အကြောင်း၊ Trump သမ္မတဖြစ်လာတာရဲ့ အကြောင်းပြချက်တွေ အကျိုးဆက်တွေနဲ့ အင်တာနက်ကြောင့် ဖြစ်လာခဲ့တဲ့ အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံတစ်ချို့က ဆူပူအုံကြွမှုတွေအကြောင်းတွေအပြင် အင်တာနက်သုံးစွဲသူ လူတွေရဲ့ အမူအကျင့်နဲ့ စိတ်သဘောသဘာဝ၊ အင်တာနက်ကို အသုံးချနိုင်မှုရဲ့ ကောင်းကျိုးတွေ ကြောက်စရာ ဆိုးပြစ်တွေနဲ့ နောက်ထပ်နောက်ထပ်တွေ အများကြီး သိသွားရမှာပါ။မှတ်တမ်းရုပ်ရှင်ဆိုတော့ အဲ့လောက်အများကြီးကို သတင်းတွေလို ထိုင်ပြောပြနေမှာများလားလို့ ထင်သွားရင် မှားပါလိမ့်မယ်။ ကြားဖူးပြီး မကြုံဖူးတဲ့ကိစ္စတွေကို ကြည့်နေရတာက ကိုယ်ပါတကယ် အဲ့ဒီအဖြစ်အပျက်တွေထဲ ရောက်သွားပြီး သိမြင်လာရသလို ခံစားရစေမှာပါ။ ကိုယ်တွေ့ကြုံဖူးကောင်းကြုံဖူးနိုင်တဲ့ ကြားဖူးတဲ့ဖြစ်ရပ်တွေနဲ့ တူတာတွေလည်း အများကြီးပါနေနိုင်ပါတယ်။
လိုက်ကြည့်နေရင်းက နားလည်သဘောပေါက်မြင်သိလာရတာတွေ တကယ့်ကို အများကြီးပါ။ လူကြီး
လူငယ်မရွေး သဘောကျမယ့် ဇာတ်ကားမျိုးပါ။ တကယ့်ဖြစ်ရပ်မှန်ကို တကယ့်အပြင်ကလူတွေက ပြောပြတာကို နားထောင် လိုက်ကြည့်ရင်း သူတို့နဲ့အတူ ပျော်ရွှင် တက်ကြွ စိတ်ညစ် စိတ်ပျက် အံ့ဩ သနား ကြောက်ရွံ့ ထိတ်လန့်နဲ့ အစရှိသဖြင့် တကယ့်ကို ရသမျိုးစုံကိုလည်း ခံစားရစေပါတယ်။ကိုယ်သိမြင်တွေ့ကြုံလိုက်ရတာတွေ များလွန်းလို့ ၁ နာရီနဲ့ ၂၅ မိနစ်ဆိုတဲ့အချိန်က တန်လိုက်တာလို့ ခံစားမိစေနိုင်မယ့် ဇာတ်ကားမျိုးဖြစ်မှာပါ။တကယ့် အပြင်က နာမည်ကြီး Hacker တွေဖြစ်တဲ့ Anonymous ဆိုတဲ့ ဆရာကြီးတွေနဲ့ အတူ တကယ့်အပြင်က လူတွေနဲ့ ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်လို့ မင်းသား မင်းသမီးရယ်လို့ ထူးပြောစရာမပါပါဘူး။“မကောင်းတာကို မပါဘူးလားဟ” ဆိုလည်း ထူးပြောစရာမပါပါဘူး။ ပါခဲ့ရင်တောင် တခြားကြိုက်ချင်စရာ ကောင်းတာတွေက အများကြီးပိုမှာ သေချာတယ်လို့ ပြောလို့ရတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ ဟုတ် မဟုတ် သိရအောင် ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။

0 comments: